မြန်မာသမ္မတကြီး ဦးသိန်းစိန်
မွန်ဂိုလီးယားနိုင်ငံသမ္မတအား ဂုဏ်ပြုကြိုဆို
မွန်ဂိုလီးယားနိုင်ငံသမ္မတအား ဂုဏ်ပြုကြိုဆို
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နေပြည်တော်၌ ရောက်ရှိနေသော မွန်ဂိုလီးယားနိုင်ငံသမ္မတ မစ္စတာ အယ်လ်ဘတ်ခ် ဒေါ့ဂ်ျဇတ်ခ်ဟီးလ်ယာဒ်အား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၈ရက် ညနေပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော် ဥပစာရှိ မြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
ဂုဏ်ပြုကြိုဆိုပွဲတွင် မြန်မာသမ္မတကြီးနှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြကာ ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ နှစ်နိုင်ငံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ သမ္မတနှစ်ဦးတို့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ အပြန်အလှန်လည်ပတ်ရေး၊ ပြည်သူချင်းဆက်ဆံရေး တိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အာဆီယံ-မွန်ဂိုလီးယား ဆက်ဆံရေး တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် မွန်ဂိုလီးယားနိုင်ငံ၏ ၁၉၉ဝ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းများနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများ၊ သင်ခန်းစာများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာ-မွန်ဂိုလီးယား သံတမန်ဆက်သွယ်မှုကို ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအကြိမ်သည် မွန်ဂိုလီးယားနိုင်ငံ အကြီးအကဲတစ်ဦး၏ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် ခရီးစဉ်လည်းဖြစ်သည်။
Credit to:ကြေးမုံ
No comments:
Post a Comment