Thursday, November 21, 2013
ဆောင်းပါး
သမ္မတကြီးထံသို့ အမုန်းခံ ပေးစာ
-----------------------------------
သမ္မတကြီးခင်ဗျား………………..
သမ္မတကြီး ဘာလုပ်နေပါသလဲလို့ဘဲ ပွင့်ပွင့်လင်းလင်းမေးလိုက်ချင်ပါတော့တယ်…..။
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ မန်းရေနံမြေဟာဆိုရင် နိုင်ငံရဲ့ဒုတိယအကြီးမားဆုံး ရေနံမြေ ဖြစ်ပါတယ်…………..။
တစ်နေ့ကို ရေနံစည်ပေါင်း ( ၁၅၆၀ ) စည် ထွက်ရှိပါတယ်။ ( MOGE မှ အထူး အရာရှိတစ်ဦး၏ မြန်မာ့ရေနံ Workshop တွင် တင်ပြခဲ့သောစာရင်းအရ…)
ယခင်က အမေရိကန်ကုမ္ပဏီ Baker Huges နဲ့ MOGE တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြပြီးနောက် US Sanction ကြောင့် အမေရိကန်ကုမ္ပဏီနဲ့ ဆက်လက်မလုပ်ကြတော့ ဘဲ မြန်မာပြည်တွင်းက ရေနံသူဌေးကြီးတစ်ဦးဖြစ်တဲ့ ” မိုက်ကယ်မိုးမြင့်” ပိုင်ဆိုင်တဲ့ MPRL ကုမ္ပဏီ နဲ့ MOGE တို့ ပြောင်းလည်းစာချုပ်ချုပ်ပြီး လုပ်ကိုင်ခဲ့ကြပါတယ်။
၎င်းတို့ချုပ်ဆိုလုပ်ကိုင်ခဲ့သည့် စာချုပ်မှာ ယခုနှစ် ၂၀၁၃ ခုနှစ် သြဂုတ်လတွင် သတ်မှတ်ကာလ ပြည့်မြောက်၍ ပျက်ပြယ်ခဲ့ပြီးဖြစ်ပါတယ် သမ္မတကြီးခင်ဗျား……..။
သမ္မတကြီး၏ နိုင်ငံတကာသိထင်ရှား လူတကာအသိများနေပါသော ပွင့်လင်းမြင် သာသည့် ပေါ်လစီ၊ သမ္မတကြီးရဲ့ချစ်တပည့်ကြီး MIC ဥက္ကဌဟောင်း၊ သမ္မတရုံးရဲ့ ၀န်ကြီး( သူ့ကိုယ်သူ တတိယသမ္မတလို့ ခံယူထားသူ) ဦးစိုးသိန်း တို့ ဟောင်ဖွာဟောင် ဖွာ အော်အော်နေတဲ့ သန့်ရှင်းသော Good Governance ထုံးစံအရဆိုရင် တင်ဒါပြန် ခေါ်ပြီး နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တဲ့ အဖွဲ့နဲ့ ထပ်မံစာချုပ်ချုပ်ဆို ပြီး လုပ်ရမှာမဟုတ်ဘူးလား ခင်ဗျာ……………………..။
ခုတော့ ဘာအကြောင်းပြချက်တစ်စုံတစ်ရာမှ မပေး၊ တင်ဒါတောင်ခေါ်ယူခြင်း မရှိတော့လဲ လူနည်းစု တစ်စုရဲ့သဘောထား ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ဘဲ မိုက်ကယ် မိုးမြင့် ကုမ္ပဏီကိုသာ ပြန်ပြီးလုပ်ပိုင်ခွင့် ပေးခဲ့ကြတယ်။
ဒါ့ထက်ပိုပြီးရင်နာစရာ/ အံ့အားသင့်စရာ/ ခိုးရက်လေခြင်းလို့ တုန်လှုပ်စရာဖြစ် သွားရတာကတော့ အစောကတင်ပြထားခဲ့တဲ့ MOGE မှ အထူးအရာရှိတစ်ဦးပြောထား ခဲ့တဲ့ တစ်နေ့ကို ရေနံစည်ပေါင်း (၁၅၆၀) စည် ထွက်ရှိနေတဲ့ မန်းရေနံမြေကို ယခုလတ် လတ်ဆတ်ဆတ် မိုက်ကယ်မိုးမြင့်နဲ့ ချုပ်ဆိုလိုက်တဲ့ စာချုပ်အသစ်မှာ တစ်နေ့ကို ရေနံစည်ပေါင်း (၅၇၀) စည်သာ ထွက်ရှိသည်ဟု ချုပ်ဆိုလိုက်ခြင်းမှာ နိုင်ငံတော် အတွက်၊ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် လွန်စွာမှကို နစ်နာစေခဲ့တယ် ဆိုတာကို…သမ္မတကြီးတို့ / နိုင်ငံတော်အကြီးအကဲတို့ ဘာကြောင့် မသိခဲ့ကြ တာလဲ???? သိသိကြီးနဲ့ ခွဲတမ်းရလို့ ငြိမ်နေကြတာလား ??? ပြောစမ်းးးးးးးးးးးးးးးး။ (ဆောရီးကန်တော့နော်သမ္မတကြီး ၊ စိတ်တိုသွားလို့ပါခင်ဗျာ။)
ကဲ..သမ္မတကြီး….သုံးချက်တွက်ကလေး တွက်ချက်ကြည့်ရအောင်…
မိုက်ကယ်မိုးမြင့်နှင့် MOGE တို့၏ စာချုပ်သစ်အရ…( တစ်နေ့ရေနံစည် ၅၇၀ စည်)
အမှန်တကယ်ထွက်ရှိစည်…( ၁၅၆၀ )စည်
ကွာခြားချက်……( ၁၅၆၀ − ၅၇၀ ) = ( ၉၉၀ စည် )
နိုင်ငံတကာရေနံပေါက်ဈေး = တစ်စည်လျှင် ( 100 USD)
နိုင်ငံတော်၏ တစ်ရက်ဆုံးရှုံးမှု = ၉၉၀ စည် × 100 USD = ( ၉၉ , ၀၀၀) USD
ထို့ကြောင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ တစ်သိန်းနီးပါး( မြန်မာကျပ်ငွေ သိန်းတစ်ထောင် နီးပါး ) နေ့စဉ် ဆုံးရှုံးနေရပါတယ်……….။
မြန်မာပြည်တွင်ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ သာမာန်ဝန်ထမ်းများအနေဖြင့် တစ်နေ့လျှင် သိန်းတစ်ထောင်ရအောင် ရှာရန်ဆိုသည်မှာ အိပ်မက်ပင် မမက်ဘူးကြ (သောက်ရူးလားလို့မေးရ) သည့် အခြေအနေတွင်ရှိနေကြချိန်တွင် မိုက်ကယ်မိုးမြင့်တို့ ကုမ္ပဏီမှာ မည်သူမှမသိဘဲ ၊ အစိုးရ၀န်ကြီးဌာနမှ အကျင့်ပျက်ချစားဝန်ထမ်းကြီး/ငယ်/ လတ်များနှင့် ပေါင်းကာ ခြစားပြီး ထင်တိုင်းကျဲနေကြသည့် အခွင့်အရေးကိုရရှိနေသည် မှာ ဆက်စုတ်ရွံ့ရှာဖွယ် အံ့သြဖွယ်ကောင်းလှပါပေတော့သည်…………..။
ထို့ထက်ပိုဆိုးသည်မှာ မိုက်ကယ်မိုးမြင့်ပိုင် MPRL ကုမ္ပဏီကဘဲ ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပြီး ကုန်းတွင်းပိုင်း လုပ်ကွက်များအား ပြောင်ပြောင် တင်းတင်းပင် လေးကွက်ပြိုင် လေးကွက်စလုံးနိုင် ပုံစံမျိုးဖြင့် လုပ်ပိုင်ခွင့်ကို ထပ်မံရယူ သွားခဲ့ပြန်ပါတယ် ………..သမ္မတကြီးခင်ဗျား…………….။
ပွင့်လင်းမြင်သာမှု/ လာဘ်လာဘကင်းစင်သန့်ရှင်းသော အစိုးရဟု သမ္မတကြီးက မိန့်ခွန်းပြောတိုင်း ထည့်ပြောနေသော်လည်းဘဲ စွမ်းအင်ဝန်ကြီးဌာနသည် တင်ဒါတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော အမေရိကန်၊ သြစတြေးလျ စသည့်နိုင်ငံကြီးများမှ ရေနံကုမ္ပဏီ များအား မည်သို့မည်ပုံ တင်ဒါရွေးချယ်သည်ကို ပွင့်လင်းမြင်သာစွာရှင်းလင်းခြင်းမရှိဘဲ လာဘ်သိပ်ထိုး လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်…….။
သမ္မတကြီးခင်ဗျား…………..
မြန်မာနိုင်ငံဟာ ဘက်စုံပြုပြင်ပြောင်းလဲမှု ( All Sectors Reform) လုပ်နေချိန် တွင် တာဝန်ရှိဝန်ထမ်းများ၏ အကျင့်ပျက်ချစားမှုများရှိနေခြင်းကြောင့် မြန်မာနိုင်ငံ အတွက် ရေရှည်အကျိုးဖြစ်ထွန်းမှု ရှိမည့် ရင်းနှီးမြှုပ်နှံမှုများ မလာတော့ဘဲ မိမိကိုယ် ကျိုးမျှော်အတွက် အတ္တကိုရှေ့တန်းတင်သည့် ရင်နှီးမြှုပ်နှံမှုများသာ ၀င်ရောက်လာ တော့မည့်အခြေအနေကို ရင်နာနာနဲ့ ထိုင်ကြည့်နေရပါတော့တယ် ခင်ဗျား………။
နိဂုံးချုပ်အနေနဲ့ ယခုတလောလူကြိုက်များစိတ်ဝင်စားနေတဲ့ သမ္မတကြီးရဲ့လစာ အပြည့်အ၀မယူဘဲ လျော့ယူနေတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး လာဘ်စားချစားမှုမဖြစ်စေရန် ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတော်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို နိုင်ငံတကာအဆင့်မှီလစာများ ဥပဒေနဲ့အညီပေးထားပါသော်လည်း အားလုံးက လျှော့ယူနေကြခြင်းအပေါ် အကောင်းမမြင်ဘဲ “ လျော့ယူမှာပေါ့ …သူတို့အားလုံး ခွဲတမ်းတွေရနေကြတာကိုး……” လို့ ပြည်သူတွေက ထင်မြင်နေကြခြင်းအပေါ် သမ္မတကြီးအနေနဲ့ “ ငါသူခိုးမဟုတ်ဘူးကွ ၊ သူခိုးတွေကိုလည်း လက်မခံဘူးကွလို့ “ ကြွေးကြော်နိုင်ပါရန် ယခုလို သူခိုးများနဲ့ ပေါင်းစားနေကြခြင်းအကြောင်းကို သမ္မတကြီး တစ်ယောက်သိနိုင်/အရေးယူနိုင်ပါစေရန် အမုန်းခံ၍ ပြည်သူများကိုယ်စားပေးပို့လိုက် ရပါသည် သမ္မတကြီးခင်ဗျား……………….။
( J.J Michael)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment